ကိုဗစ် ခြေရာကောက် နည်းပညာ နဲ့ အစိုးရဲ့ ဒစ်ဂျစ်တယ်ထောက်လှမ်းရေး

Nyein Chan Soe Win
Nyein Chan
Published in
4 min readApr 28, 2020

--

ကိုယ်ရေးလုံခြုံမှု၊ ဒစ်ဂျစ်တယ် ထောက်လှမ်းရေးနဲ့ ပုံမှန်အသစ်

စောစောရှာ App နဲ့ ပါတ်သက်ပြီး အစိုးရက သိမ်းဆည်းထားတဲ့ သုံးစွဲသူရဲ့ သွားလာမှု မှတ်တမ်း အချက်အလက်တွေနဲ့ ပါတ်သက်ပြီး Data Privacy ရှုထောင့်ကနေ ဝေဖန်မှုတွေ ထွက်လာခဲ့ပါတယ်။

စောစောရှာ App ဟာ ဒီလို အစိုးရက ခြေရာကောက်နိုင်တဲ့ App မျိုးထဲမှာ နိုင်ငံတကာမှာ ပထမဦးဆုံးမဟုတ်ပါဘူး။ စောစောရှာ ကိုယ်တိုင်က Israel နိုင်ငံ ကျန်းမားရေးဝန်ကြီးဌာနက ဖန်တီးထားတဲ့ Hamagen ဆိုတဲ့ App ကို ကျောရိုးယူပြီး တည်ဆောက်ခဲ့ပါတယ်။

ကိုဗစ်ပိုး ကမ္ဘာအနှံ့အပြားကို စတင်ပြန့်နှံ့ပြီဆိုတာနဲ့ အစိုးရတိုင်းက ကူးစက်နှုန်းကို အမြန်လျော့ကျစေနိုင်မယ့် နည်းလမ်းများစွာကို ရှာဖွေကြတယ်။ ဒီအထဲမှာ အများက Lockdown လို့ခေါ်တဲ့ သွားလာမှုကို ကန့်သတ်ခြင်း နဲ့ Contact Tracing လို့ခေါ်တဲ့ သွားလာမှု ခြေရာကောက်ခြင်းနည်းပညာများကို သုံးစွဲပြီး ခြေရာကောက်ခြင်းတို့ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလို လုပ်တာဟာ ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီဘဲ အာဏာရှင် စနစ်မျိူးအောက်မှာသာ ဒီလို လုပ်နိုင်တယ် အောင်မြင်နိုင်တယ်လို တစ်ချို့က ဝေဖန်ကြပါတယ်။ ဒါဟာ တရုတ်ပြည်ကိုသာ ကြည့်ပြီးပြောရင်မှန်တယ်လို့ ထင်ရပေမယ့် ဒီမိုကရေစီ စစ်စစ် နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုးရီးယားမှာလဲ ဒီလို နည်းပညာတွေနဲ့ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ တချိန်တည်းမှာ ဒီမိုကရေစီ နိုင်ငံများဖြစ်တဲ့ အမေရိကန်၊ စပိန်၊ အီတလီနဲ့ ပြင်သစ်တို့မှာတော့ ရောဂါပြန့်ပွားမှုကို ကျကျနန ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။

ဘုံတူညီမှု

ကိုဗစ်ပိုးကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်တဲ့ နိုင်ငံများမှာ ဘယ်လို ဘုံတူညီမှုတွေ ရှိသလဲ ဆန်းစစ်ကြည့်တဲ့အခါ သေချာတာကတော့ နိုင်ငံရေးစနစ်မဟုတ်ပါဘူး။ တရုတ်၊ ဗီယက်နမ်၊ ကိုရီးယား၊​ ထိုင်ဝမ်၊ စင်ကာပူ အစရှိတဲ့ အရှေ့တိုင်းနိုင်ငံသားများရဲ့ အများအကျိုးကို ရှေးရှုလိုက်လျောညီထွေ နေထိုင်တတ်ပြီး အစိုးရရဲ့ ထိန်းချုပ်မှုများကို လိုလိုလားလား လိုက်နာလိုတဲ့ စိတ်ဓါတ်များက အောင်မြင်စေခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် ရောဂါကူးစက်ခံရသူများနဲ့ သူတို့နဲ့ ထိတွေ့ခဲ့တဲ့သူများကို နောက်ယောင်ခံနိုင်တဲ့ နည်းပညာများကိုပါ ဒီ နိုင်ငံများက ကျယ်ကျယ်ပြန့်ပြန် သုံးစွဲပါတယ်။ ထိန်းချုပ်မှုနဲ့ သွားလာမှုမှတ်တမ်း နောက်ယောင်ခံမှုတို့ဟာ တစ်သီးတစ်သန့်စီအလုပ်လုပ်တာမျိုး မဟုတ်ပဲ တစ်ခုနဲ့တစ်ခု အားဖြည့်လုပ်ကိုင်ခဲ့လို့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ခြေရာကောက်တဲ့ နည်းပညာကို ကိုဗစ် စတင်ဖြစ်ပွားရာ တရုတ်ပြည်မှာ စတင်အသုံးပြုခဲ့ပါတယ်။ အခြားနိုင်ငံများနဲ့ မတူတဲ့ အချက်ကတော့ တရုတ်ပြည်သူများဟာ WeChat ဒါမှမဟုတ် AliPay ဆိုတဲ့ နေ့စဥ်သုံး Super App များကို တွင်ကျယ်စွာ အသုံးပြုနေပြီး ဖြစ်လို့ သီးခြား App တစ်ခု ထုတ်ရန် မလိုအပ်တော့ပါ။ WeChat နဲ့ AliPay ထဲမှာတင် အရောင်နဲ့ ခွဲခြားထားတဲ့ QR စနစ်သုံး ကျန်မာရေးကုတ် ဆိုတဲ့ ခြေရာကောက်တဲ့ နည်းပညာကို ထည့်သွင်းရုံနဲ့ လုပ်ဆောင်နိုင်ပါတယ်။

စင်ကာပူကတော့ TraceTogether ဆိုတဲ့ BlueTooth နည်းပညာကို အခြေခံပြီး အနီးအနားမှာ ဖြတ်သန်းသွားလာခဲ့တဲ့သူ အချင်းချင်းမှတ်သားတဲ့ စနစ်ကို ဖန်တီးခဲ့ပါတယ်။

တရုတ်ပြည်နဲ့ ထိစပ်နေတဲ့ ဟောင်ကောင်ကတော့ ပိုပြီးတင်းကြပ်တဲ့ Stay Home Safe ဆိုတဲ့ App ကို လက်ကောက်ဝတ်မှာ အသေပါတ်ထားရတဲ့ လက်ပတ်နဲ့ အတူ သုံးပါတယ်။ သတ်မှတ်ထားတဲ့ နေရာရဲ့ အပြင်ကို ထွက်လိုက်တာနဲ့ အစိုးရက ထောက်လှမ်းသိရှိနိုင်တဲ့ နည်းပညာကို သုံးထားပါတယ်။

ကိုရီးယားမှာတော့ အစိုးရဌာန သုံးခု ပူးပေါင်းဖန်တီးခဲ့ပြီး တယ်လီဖုန်း ကုမ္ပဏီများ၊ ခရက်ဒစ်ကတ် ကုမ္ပဏီများ အစရှိတဲ့ ပုဂ္ဂလိက အဖွဲ့အစည်း ၂၇ ခု ပူးပေါင်းပါဝင်တဲ့ နည်းပညာသုံး ခြေရာကောက် ထောက်လှမ်းရေးစနစ်ကြောင့် အရင်က ၂၄ နာရီကြာအောင် ခြေရာကောက်ရတဲ့ အလုပ်ကို ၁၀ မိနစ်နဲ့ ခြေရာကောက်နိုင်လာတယ်။ ဒါက ကိုရီးယားရဲ့ ကိုဗစ်ကူးစက်နှုန်းကို အံ့မခန်း လျင်လျင်မြန်မြန်ကျဆင်းသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အစိုးရထုတ်ပြန် ပေးတဲ့ ကိုဗစ်ပိုးကူးစက်ခံရသူရဲ့ ပိုးတွေ့ရှိတဲ့နေ့၊​ နိုင်ငံသား၊ အသက်၊ လိင်၊ သွားခဲ့တဲ့ နေရာ အချက်အလက်ဒေတာကို အသုံးပြုပြီး အဲဒီနေရာတွေရဲ့ ၁၀၀ မီတာပတ်လည်ကို တွက်ချက်အသိပေးတဲ့ App များကိုလည်း ပုဂ္ဂလိများက တီထွင်ခဲ့ပြီး သုံးစွဲသူ သန်းနဲ့ ချီ ရှိခဲ့ပါတယ်။

Korea

သြစတေးလျ အစိုးရကတော့ CovidSafe ဆိုတဲ့ App ကို တည်ဆောက်ဖန်တီးခဲ့ပါတယ်။ စင်ကာပူနိုင်ငံရဲ့ TraceTogether ရဲ့ ကျောရိုးနည်းပညာဖြစ်တဲ့ BlueTrace နည်းပညာပေါ်မှာ အခြေခံပြီးတော့ပါ။

ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေး (Data Privacy)

ခြေရာကောက် ထောက်လှမ်းရေးစနစ်များဟာ ကိုဗစ်ကူးစက်နှုန်းကို ကျဆင်းသွားအောင် အထောက်အပံ့ အများကြီး ဖြစ်စေသည့်တိုင်အောင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေး (Data Privacy) နဲ့ ပါတ်သက်ပြီးတော့ မေးခွန်းထုတ်စရာတွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကောက်ယူထားတဲ့ ဒေတာတွေကို ဟက်ကာတွေရဲ့ အန္တရာယ်က ဘယ်လို လုံခြုံအောင် သိမ်းဆည်းမလဲ၊ သုံးစွဲသူတွေရဲ့ ပုဂ္ဂလိကအချက်အလက်တွေကို ဘယ်လို အကာအကွယ်ပေးမလဲ၊ မိမိတိုင်းသူပြည်သားများရဲ့ အချက်အလက်များကို နိုင်ငံပြင်ပ မရောက်ရှိအောင် ဘယ်နေရမှာ သိမ်းဆည်းမလဲ ဆိုတာတွေက စလို့ အစိုးရက ကောက်ယူထားတဲ့ အချက်အလက်တွေကို မလျော်မကန် အသုံးမချအောင် ဥပဒေအရ ဘယ်လိုကာကွယ်မလဲ ဆိုတာ အထိ မေးခွန်းတွေရှိပြီး ကောက်ယူတဲ့ အစိုးရတိုင်းက ဖြေဆိုရန် တာဝန်ရှိပါတယ်။

လောလောဆယ် အရေးကြီးဆုံးအလုပ်

ဒါပေမယ့် အစိုးရတွေက အရင်ဆုံး ဖုတ်ပူမီးတိုက် လုပ်ရမယ့် အလုပ်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ကိုဗစ်ကူးစက်မှုကို တားဆီးဖို့အလုပ်ပါ။ လူ့ အသက်က နံပါတ်တစ် ဖြစ်ပါတယ်။

အဲဒီလို တားဆီးဖို့အတွက်တစ်ခါ ခြေရာကောက် ထောက်လှမ်းရေးစနစ်ကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲကြဖို့လိုပြန်ပါတယ်။

ကိုဗစ်ရောဂါကပ်ဟာ ခဏလေးနဲ့ ပြီးပျောက်သွားမှာ မဟုတ်ပါ။ နိုင်ငံအားလုံးဟာလည်း မိမိကိုယ်မိမိ Lockdown ချ ပိတ်ဆို့ပြီးနေနိုင်တဲ့ အချိန်ဟာလဲ အကန့်အသတ်ရှိပါတယ်။ နိုင်ငံသားအားလုံးရဲ့ ရှင်သန်ရေးဖြစ်တဲ့ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုအစရှိတဲ့ စီးပွားရေးလုပ်ငန်းများ အမြန်ပြန်လည်အသက်ဝင်လာဖို့လိုပါတယ်။​ အဲဒီလို ပြန်လည် အသက်ဝင်လာဖို့ လူတစ်ဦးနဲ့ တစ်ဦး တွေ့ဆုံထိတွေ့တာကို ရှောင်လွှဲလို့မရပါဘူး။ တွေ့ဆုံထိတွေ့တာကို ရှောင်လွှဲလို့မရရင် အကယ်၍ ကူးစက်ခံရသူရှိလာခဲ့ရင် ခြေရာကောက်နိုင်ဖို့ အလွန် အရေးကြီးပါတယ်။ အဲဒီလို ခြေရာကောက်ပြီး Quarantine အစရှိတဲ့ လိုအပ်တာတွေ ဆောင်ရွက်နိုင်ဖို့ အစိုးရတွေအနေနဲ့ ခြေရာကောက် ထောက်လှမ်းရေးနည်းပညာတွေကို မသုံးမဖြစ်သုံးရပါတော့မယ်။ အဲဒီလို သုံးတဲ့အခါ အများပြည်သူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံရေးဟာ လျစ်လျူရှုလို့မရတော့ပါ။

အဖြေရှာ

ဒီလို လိုအပ်ချက်တွေအားလုံးကို ပြေလည်နိုင်မယ့် အဖြေကတော့ အလွယ်မရှိနိုင်ပါ။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံလည်း မတူနိုင်ပါ။ Amesty International က ဦးဆောင်ပြီး အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က လက်မှတ်ရေးထိုးထားတဲ့ ကြေငြာချက်မှာတော့ အစိုးရများချမှတ်ရမယ့် အခြေခံ (၈) ချက်ကို ထုတ်ပြန်ထားပါတယ်။ ဥပဒေအရလည်း အစိုးရရဲ့ သုံးစွဲပိုင်ခွင့်ကို အာမခံပေးနိုင်သလို အများပြည်သူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးကိုလည်း အကာအကွယ်ပေးနိုင်မည့် ဥပဒေများ ပြဌာန်းပေးဖို့လိုပါတယ်။

Eight Conditions

အခုလက်ရှိ ခြေရာကောက်ထောက်လှမ်းရေးကို အောင်မြင်စွာ အသုံးချနေတဲ့ အစိုးရများ လုပ်နေတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုကတော့ ပွင့်လင်းမြင်သာ ဖွင့်ပြခြင်း ဖြစ်ပါတယ်။ စင်ကာပူ၊ အစ္စရေးတို့က သူတို့ရဲ့ ခြေရာကောက် ထောက်လှမ်းရေး App ကို Open Source အနေနဲ့ ထုတ်ပြန်ပြီး လူတိုင်း ဒီ App ကို ဘယ်လိုရေးဆွဲထားသလဲ ဆိုတာကို ကြည့်လို့ရအောင့် ဖွင့်ပြထားပါတယ် (အဲဒီ App နှစ်ခုလုံးက သွားလာမှုမှတ်တမ်းကို ဆာဗာထဲမှာ မသိမ်းပါ)။ သြစတေးလျကလဲ Open Source လိုက်လုပ်ဖို့ ကတိပေးထားပါတယ်။ နောက်တစ်နည်းကတော့ ထိရှလွယ်တဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်များမဟုတ်ခဲ့ဘူးဆိုရင် အခြားကောက်ယူစုဆောင်းထားတဲ့ အချက်အလက်များကို Open Data အနေနဲ့ အများပြည်သူကို မျှဝေဖွင့်ပြခြင်းနည်းလမ်းဖြစ်ပါတယ်။

Open Data (Singapore)

အများပြည်သူအနေနဲ့ လည်း ဘယ်လိုလုပ်ထားတယ် ဘာတွေဘယ်လို သိမ်းထားတယ် ဆိုတာကို Open Source, Open Data များက ရယူသိရှိနိုင်တာမို့ အစိုးရအပေါ် ခြေရာကောက် ထောက်လှမ်းခြင်းနဲ့ ပါတ်သက်လို့ ယုံကြည်မှု ပိုမို ရရှိလာမှာ သေချာပါတယ်။

ပုံမှန်အသစ်

Professor Yuval Harari

အစိုးရတွေအနေနဲ့ ခြေရာကောက်ထောက်လှမ်းခြင်းလို ဧရာမဒေတာ (Big Data) အခြေခံပြီး ပြည်သူလူထုကို စီမံခန့်ခွဲ အုပ်ချုပ်တာ ၂၁ ရာစုမှာ ရှောင်လွှဲလို မရတော့ပါ။​ ခေတ်သစ်သမိုင်းပညာရှင် Yuval Harari ပြောသလို “Big Data is watching you” ဧရာမဒေတာများက သင့်ကို အမြဲစောင့်ကြည့်နေတဲ့ ခေတ်ကို စတင် ရောက်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် အများပြည်သူအနေနဲ့လည်း ပုံမှန်အသစ် (New Normal) ကို စည်းမျဥ်းအသစ် အမြင်သစ် အတွေးသစ်နဲ့ လက်ခံဖို့လိုပါတယ်။
သေချာတာကတော့ သင့်ရဲ့ အပြုအမူတွေအားလုံးကို အမြဲစောင့်ကြည့်ခံနေရတော့မှာပါ။ လူတွေက အမြဲစောင့်ကြည့်တာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အယ်လ်ဂေါ်ရစ်သမ် (Algorithm) တွေကတော့ အမြဲ စောင့်ကြည့်နေတော့မှာပါ။

ကိုးကား

  1. How Digital Contact Tracing Slowed Covid-19 in East Asia
  2. COVID-19 Thematic Website — Together, We Fight the Virus — “StayHomeSafe” Mobile App User Guide
  3. Take a look at these Korean apps helping people avoid areas infected by the coronavirus, Business Insider — Business Insider Singapore
  4. Korea Corona Virus Tracking Apps
  5. COVID-19 apps — Wikipedia
  6. Amnesty International
  7. The ODI — Open Data Institute

--

--