နိုင်ငံရေးစနစ် ပြောင်းပြီ

Nyein Chan Soe Win
Nyein Chan
Published in
2 min readApr 23, 2020

--

Daw Aung San Suu Kyi’s Facebook

ဒေါ်အောင်ဆန်းစုကြည် Facebook သုံးခြင်းသည် သမိုင်းမှတ်တိုင်တစ်ခု စိုက်လိုက်ခြင််းဖြစ်သည်။၂၁ ရာစု၏ နိုင်ငံရေးစနစ်သစ်တစ်ခု အစပြုခြင်း သမိုင်းမှတ်တိုင်ပင်ဖြစ်သည်။

ကိုယ်စားပြုရွေးကောက်ခံ ပါလီမန် ဒီမိုကရေစီ နိုင်ငံရေးစနစ်သည် ၂၀ ရာစုနှစ်များအတွက် ပြီးပြည့်စုံသော စံနစ် မဟုတ်သည့်တိုင် အကောင်းဆုံးဖြစ်သည်ကိုတော့ မငြင်းနိုင်ပါ။

ရည်ရွယ်ချက်ကရှင်းပါသည်။ ကာယကံရှင်အားလုံး စုပေါင်းဆွေးနွေးတိုင်ပင် ဆုံးဖြတ်သည့် စနစ်ကို ယုံကြည်သည်။​ သို့သော် တစ်ဦးချင်းစီပါဝင်ပြီး ထိထိရောက်ရောက် နားထောင်ဆွေးနွေးနိုင်သည့် ကြားခံမရှိသည့်အတွက် ကိုယ်စားပြုမည့်သူကို ရွေးချယ်ပြီး စုပေါင်းဆွေးနွေးတိုင်ပင် ဆုံးဖြတ်ရန် ရည်ရွယ်သည်။

လူထုဆက်သွယ်ရေးစနစ်များမှာလည်း တလမ်းသွားဖြစ်သည်။ သတင်းစာ၊ ရေဒီယို၊​ တီဗွီ အားလုံးတို့သည် ထုတ်လုပ်သူထံမှ လူထုထံသာ ဆက်သွယ်နိုင်သည်။ တစ်ဦးချင်းစီ၏ အသံကို ပြန်လည်နားထောင်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းမှာ ရွေးကောက်ထားသည့် ကိုယ်စားလှယ်များက တဆင့် လွှတ်တော်၊​ ပါလီမန်များတွင် တင်ပြမေးခွန်းထုတ်ပြီး သဘောတူညီချက်များကို မဲခွဲ ဆုံးဖြတ်သည့် နည်းလမ်းသည် ပွင့်လင်းမျှတမှု ရှိသည်ဟု လက်ခံခဲ့ကြသည်။ လက်တွေ့တွင်မူကွာဟချက်များရှိပါသည်။ ဥပမာ အနေဖြင့် ရွေးကောက်ခံရသူ၏ အရည်အချင်းပေါ်မူတည်၍ မိမိကို ရွေးချယ်လိုက်သောပြည်သူများ၏ ဆန္ဒကို ထိရောက်စွာ တင်ပြဆွေးနွေးပေးနိုင်စွမ်း ကွာခြားမှုများစွာ ရှိပါသည်။ ရွေးကောက်သောစနစ်သည် ဒေသနှင့် လူဦးရေ အချိုးအစားပေါ် အဓိက အခြေခံသည့် အတွက် အလုပ်သမား သမဂ္ဂကဲ့သို့ တူညီသောစိတ်ဝင်စားမှုကို အခြေခံသော အစုအဖွဲ့များ စင်ပြိုင်ပေါ်လာရသည်။ စင်ပြိုင်အဖွဲ့အစည်းများက ပိုမိုအားကောင်းလာသောအခါ နိုင်ငံရေးစနစ်က ပိုမိုရှုပ်ထွေးလာပြီး ထိရောက်မှုအားနည်းလာသည်။ လျစ်လျူရှုခံရသော အသံများ ပိုမိုများပြားလာသည်။

သည်အချိန်မှာ နိုင်ငံရေးစနစ်၏ ပြင်ပတွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ အဓိက အကျဆုံးမှာ အိုင်တီ နှင့် ဆက်သွယ်ရေး နည်းပညာပင်ဖြစ်သည်။ လူထုဆက်သွယ်ရေး စနစ်များ ပြောင်းလဲသွားသည်။ တီဗွီနေရာတွင် ယူကျု ရောက်လာသည်။ နေရာမရွေး ယူသွားနိုင်ပြီး အချိန်မရွေး ပြောဆိုနိုင်သည့် မိုဘိုင်းဖုန်းများ ရောက်လာသည်။ သတင်းစာနေရာတွင် မည်သူမဆို သတင်းအချက်အလက် ချက်ချင်း ဝေမျှနိုင်သော ဆိုရှယ်မီဒီယာများ ရောက်လာသည်။

Facebook သည် ရင့်ကျက်လာသော အိုင်တီနည်းပညာ၏ အကျယ်ပြန့်ဆုံး ထုတ်ကုန်တစ်ခုဖြစ်လာပြီး လူတစ်ဦးချင်းမှ တစ်ဦးချင်းသို့၊​တစ်ဦးချင်းမှ အများသို့၊​ အများမှ တစ်ဦးချင်းသို့ ချက်ချင်း ဆက်သွယ်ပြောဆို တိုင်ပင် နိုင်လာသည်။ ပိုပြီး ထိရောက်မြန်ဆန်သည်က သည်အရာအားလုံးကို လက်ထဲတွင် အမြဲကိုင်ထားသည့် မိုဘိုင်းဖုန်းမှ ချက်ချင်းလုပ်နိုင်ခြင်း။

လက်ရှိနိုင်ငံရေး စနစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးအာဏာပိုင်ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ အစွန်အဖျား မြို့လေးတစ်မြို့မှာ ရှိသည့် ဆေးရုံတစ်ခုမှ လိုအပ်ချက်သည် မြို့နယ်ကျန်းမာရေးမှုးမှ စ၍ ညွှန်မှုး​​ဝန်ကြီး အဆင့်ဆင့် ဖြတ်သန်းပြီးမှ​ ဒေါ်အောင်ဆန်းစုကြည် နားကို ရောက်မည်။ မြေယာအငြင်းပွားမှုတစ်ခုကို မိမိ၏ လွှတ်တော်ကိုယ်စားလှယ်မှတဆင့် လွှတ်တော် ကျင်းပရာ အချိန်ကို စောင့်ဆိုင်းပြီးမှ ဦးစားပေးအဆင့်များစွာကို ကျော်ဖြတ်ပြီးမှသာ တင်ပြခွင့်ရပြီ အဆိုပါလွှတ်တော်မှတ်တမ်းကို ဒေါ်အောင်ဆန်းစုကြည်ဖတ်မှသာ သူမ နားကို ရောက်မည်။

အခုတော့ သည်အရာတွေအားလုံးကို ချက်ချင်းထိုင်ရာမထ ဒေါ်အောင်ဆန်းစုကြည်ထံကို Facebook က တဆင့် ချက်ချင်းပို့နိုင်ပြီ။ တင်ပြနိုင်ပြီ။ သတင်းစကားပါး နိုင်ပြီ။

သတင်းစကား ပေးပို့ရန် လွှတ်တော်အမတ်၊​ဗျူရိုကရက်၊​ ဝန်ကြီး အစရှိသော ကြားခံများ မလိုတော့ပါ။ ယင်းအစား ပြည်သူတစ်ဦးချင်းစီပါဝင်ပြီး နားထောင်ဆွေးနွေးနိုင်သည်။ ထို့ကြောင့် ကိုယ်စားပြုဒီမိုကရေစီမှ တိုက်ရိုက်ဒီမိုကရေစီဖြစ်လာသည်။

သည်လိုဆိုလျင် လွှတ်တော်အမတ်၊ လွှတ်တော်၊ ဝန်ကြီးစသူတို့၏ အခန်းကဏ္ဍ နှင့် အရေးပါမှု ကို မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ ဆုံးဖြတ်ချက်ချရန် နှင့် အကောင်အထည်ဖေါ်ရန် အဖွဲ့ အစည်း တစ်ခု တည်ရှိရန် လိုကောင်းလိုနေသေးမည်ဖြစ်သော်လည်း ကိုယ်စားပြုစနစ်ကဲ့သို့ ကိုယ်စားလှယ် အမြောက်အများမလိုတော့သည်မှာ အသေအချာ။

သို့သော် သတိပြုရန် အချက်မှာ Facebook သည် လူထုဆက်သွယ်ရေးလက်နက်တစ်ခုသာဖြစ်သည်။ သန်းနှင့်ချီသော လူထု၏ ဆွေးနွေးတင်ပြမေးခွန်းထုတ်သမျှကို ပြန်ကြားအကောင်အထည် ဖေါ်ရန်မှာ သည်အတိုင်းမဖြစ်နိုင်ပါ။ သည့်အတွက် သန်းပေါင်းများစွာသော အချက်အလက်များကို စုဆောင်းတွက်ချက်ပြသပြန်ဆိုနိုင်ပြီး ဆုံးဖြတ်ရန် အဓိကသည့် အချက်အလက်အနှစ်ချုပ်များကို ဒေါ်အောင်ဆန်းစုကြည် ရှေ့မှောက်ကို သတင်းစကားများနှင့် အတူ ချက်ချင်းရောက်ရှိရန်လည်း လိုအပ်ပါသည်။

မြန်မာအစိုးရဆေးရုံးများ၏ ကျန်းမာရေးပစ္စည်းများ အခြေပြဇယား Credit COVID-19 Myanmar Surveillance Dashboard( covidmyanmar.com)

ထိုသို့ဆောင်ရွက်နိုင်ရန် နည်းပညာ ရှိပါသည်။ ထိုနည်းပညာသည် Data Science ဖြစ်ပြီး ယင်းနည်းပညာကို အသိဉာဏ်တု AI နည်းပညာ၊ Machine Learning နည်းလမ်းများဖြင့် ပေါင်းစည်းနိုင်သည့်အခါ တိုက်ရိုက်ဒီမိုကရေစီကို အကောင်အထည်ဖေါ်လာနိုင်ပြီဖြစ်၍ ကိုယ်စားပြုရွေးကောက်ခံ စနစ်ကို အခြေခံသည့် ပါလီမန် ဒီမိုကရေစီ နိုင်ငံရေးစနစ် မလိုအပ်တော့ပါ။ အခြေခံအကျဆုံး အချက်တစ်ခုရှိပါသေးသည်။ Data Science သည် မှန်ကန်သော အချက်အလက် ဒေတာများပေါ် အခြေခံမှ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။ ယခုလက်ရှိ လူများကို အသုံးပြုသည့် အချက်အလက်မှတ်တမ်းတင်မှုများသည် အမှားများနေလိမ့် ဦးမည်။

သို့သော် မကြာမီ မိုဘိုင်းဖုန်းများ၊​ Autonomous ကားများ၊​ နေရာအနှံ့ရှိလာမည့် IoT စက်များ၊​ လုံခြုံရေးကင်မရာများ၊ Apple Watch ကဲ့သို့ ဝတ်ဆင်နိုင်သော စက်များ၊ အစရှိသည်တို့က အချက်အလက်များကို အလိုအလျောက် ကောက်ယူပေးပိုနိုင်သည့်အခါ အချက်အလက်အမှားများသည် လျစ်လျူရှုနိုင်သည့် အဆင့်သို့ရောက်ရှိသွားလိမ့်မည်။ ချက်ချင်းတော့မဖြစ်နိုင်သေးပါ။

အစစ အရာရာ နောက်ကျနေခဲ့သော မြန်မာနိုင်ငံသည် သည်နေရာတွင်တော့ ခြေတလှမ်းသာသွားပြီ ဖြစ်ပါသည်။

အိုင်တီနှင့် ဆက်သွယ်ရေးနည်းပညာမှ တဆင့် တိုင်းပြည်ကို ပြည်သူမှ ပြည်သူသို့ ပြည်သူ့အတွက် အုပ်ချုပ်၍ ရနိုင်မည့်သမိုင်းမှတ်တိုင်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည့်က စိုက်ထူလိုက်ပြီး ဖြစ်ပါသည်။

Facebook အစိုးရ ဆိုသော စကားသည် ပျက်ရယ်စကားတစ်ခု မဟုတ်တော့ပါ။ ပကတိအရှိတရားတစ်ခု ဖြစ်လာခဲ့ပါပြီ။

--

--