တန်ဖိုးရှိတဲ့ အသက်တွေ ကယ်တင်နိုင်ဖို့ဘယ် App ကို သုံးမလဲ

Nyein Chan Soe Win
Nyein Chan
Published in
3 min readApr 19, 2020

--

မြန်မာပြည်အတွက် Covid-19 Contact Tracing App

စောစောရှာ လို့အမည်ရတဲ့ Contact Tracing app ကို MOHS က ဧပြီလ ၁၂၊ ၂၀၂၀ မှာ ထုတ်ဝေလိုက်ပါတယ်။ အစိုးရက ကမကထ ပြုတဲ့ App ဖြစ်ပါတယ်။
စောစောရှာ မထုတ်ခင်ကတည်းက ပြည်တွင်းပညာရှင်များ ဖန်တီးတဲ့ Contact Tracing App တွေရှိနှင့် နေပါတယ်။ အဲဒီထဲမှာ လူသုံးအများဆုံးကတော့ Care Together App ဖြစ်ပြီး သုံးစွဲသူ တစ်သိန်းကျော် ရှိပါတယ်။ အခုလို App တစ်ခုထက်မက ပိုရှိလာတော့ ဘယ် App ကို သုံးရမလဲ၊ သုံးသင့်သလဲ လို့ မေးကြပါတယ်။

ဘယ် App ကို သုံးသင့်သလဲ ဆိုတာကို မသုံးသပ်ခင်မှာ Contact Tracing နည်းပညာ အမျိုးအစားနှစ်မျိုးအကြောင်း အရင်ပြောပါရစေ။ အဓိကနည်းပညာနှစ်မျိုးကတော့

၁။ GPS Location နည်းပညာ
၂။ ​Bluetooth LE (Low Energy) နည်းပညာ များပဲ ဖြစ်ပါတယ်။

၁။ GPS Location နည်းပညာ

စောစောရှာ App ဟာ GPS Location နည်းပညာကို သုံးစွဲထားတဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီခေတ်မှာ ရနိုင်တဲ့ Smart Phone အားလုံးမှာ Location Service ဆိုတဲ့ အဓိက Service တစ်ခုပါဝင်ပါတယ်။ ဒီ Service ဟာ ဖုန်းမှာရှိတဲ့ GPS Receiver, Cellular Network information ကို အသုံးပြုပြီး မိမိ ရောက်ရှိရာနေရာရဲ့ ဆုံမှတ် (Coordinate) ကို လောင်ဂျီကျူ လတ္တီကျူများနဲ့ မှတ်သားဖေါ်ပြပေးတဲ့ Service ဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင်တော့ Google Map သုံးတဲ့အခါ ကိုယ်ရောက်နေတဲ့ နေရာကို အပြာစက်လေးနဲ့ လိုက်ပြနေတာဟာ GPS Location နည်းပညာဖြစ်ပါတယ်။

GPS Location နည်းပညာကို Contact Tracing မှာ ဘယ်လိုသုံးသလဲ

သုံးစွဲသူရဲ့ သွားလာမှုကို GPS ဆုံမှတ်များအနေနဲ့ မှတ်တမ်းတင်ထားပြီး ကိုဗစ်ကူးစက်ခံရသူရဲ့ သွားလာမှုမှတ်တမ်းနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ သုံးစွဲပါတယ်။ အချို့ Contact Tracing App များ (ဥပမာ အစ္စရေးရဲ့ Hamagen​ App) ကတော့ သွားလာမှုမှတ်တမ်းကို သုံးစွဲသူရဲ့ ဖုန်းထဲမှာပဲ သိမ်းဆည်းထားပြီး အစိုးရက ကိုဗစ်ကူးစက်ခံရသူရဲ့ သွားလာမှု မှတ်တမ်းကို သုံးစွဲသူဆီ ပြန်ပို့ပေးပါတယ်။ သုံးစွဲသူရဲ့ သွားလာမှုမှတ်တမ်းနဲ့ ကိုဗစ်ကူးစက်ခံရသူရဲ့ သွားလာမှုမှတ်တမ်းကို သုံးစွဲသူရဲ့ ဖုန်းမှာပဲ တိုက်ဆိုင်စစ်ဆေးပြီး အကယ်၍ တိုက်ဆိုင်ခဲ့ပါက သုံးစွဲသူကို အသိပေးပါတယ်။ သုံးစွဲသူက သက်ဆိုင်ရာကို ဆေးစစ်ခြင်း၊ Self-quarantine ခံယူခြင်းတို့ ဆောင်ရွက်နိုင်ဖို့ သတင်းပေးပို့ရပါတယ်။

စောစောရှာ ကတော့ သွားလာမှုမှတ်တမ်းကို ကျန်းမာရေးအာဏာပိုင်ဆီကို ပြန်လည်ပေးပိုပြီး သုံးစွဲသူရဲ့ သွားလာမှုမှတ်တမ်းနဲ့ ကိုဗစ်ကူးစက်ခံရသူရဲ့ သွားလာမှုမှတ်တမ်းကို တိုက်ဆိုင်စစ်ဆေးပြီး အကယ်၍ တိုက်ဆိုင်ခဲ့ပါက သုံးစွဲသူကို တိုက်ရိုက်ခေါ်ဆို ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။

ဒီနည်းပညာမှာတော့ သုံးစွဲသူတွေအားလုံးရဲ့ အချက်အလက်များကို စုပေါင်းစုစည်းခြင်း (Crowd Tracing) ပုံစံနဲ့ စုဆောင်းရရှိပါတယ်။

GPS Location နည်းပညာသုံး App အလုပ်လုပ်ပုံ

၂။ ​Bluetooth LE (Low Energy) နည်းပညာ

Care Together App ကတော့ Bluetooth LE နည်းပညာ ကို အသုံးပြုထားပါတယ်။ Bluetooth နည်းပညာကတော့ အနီးအနားမှာရှိတဲ့ ဖုန်းအစရှိတဲ့ အခြား Bluetooth အသုံးအဆောင်များနဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက် ဖလှယ်တဲ့ နည်းပညာ ဖြစ်ပါတယ်။

Bluetooth LE (Low Energy) နည်းပညာ ကို Contact Tracing မှာ ဘယ်လိုသုံးသလဲ

Bluetooth လက်လှမ်းမှီတဲ့ နေရာမှာ အခြား သုံးစွဲသူတစ်ဦးကိုတွေ့ခဲ့တဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် အချက်အလက်တွေ လဲလှယ်တဲ့ ပုံစံနဲ့ Contact Tracing မှာ သုံးစွဲပါတယ်။ ဒီလို ဖလှယ်တဲ့နေရာမှာတော့ လှို့ဝှက်ထားတဲ့ ဒစ်ဂျစ်တယ် ကုတ်ကိုသာ ဖလှယ်ပါတယ်။​ အချင်းချင်း ဖုန်းနံပါတ် အပြန်အလှန်ပေးတဲ့ သဘောပေမယ့် ဖုန်းနံပါတ်နဲ့ အခြားဘယ် ပုဂ္ဂလိက အချက်အလက်ကို​ မဖလှယ်ပါ။

App သုံးစွဲသူတစ်ဦး ကိုဗစ်ကူးစက်ပြီဆိုရင် သူ့ရဲ့ App ထဲက ဖလှယ်ထားတဲ့ လှို့ဝှက်ထားတဲ့ ဒစ်ဂျစ်တယ် ကုတ်တွေကို အစိုးရတာဝန်ရှိသူတွေက ရယူပြီး ဖုန်းနံပါတ်များနဲ့ တိုက်ဆိုင်ပြီး Trace လုပ်ပါတယ်။

ဒီနည်းပညာနှစ်ခုမှာ ဆိုရင် GPS Location နည်းပညာမှာ ကိုဗစ်ကူးစက်သူက App သုံးစွဲသူ ဖြစ်ဖို့ မလိုပါဘူး။ အရေးသိပ်မကြီးပါဘူး။ Bluetooth LE (Low Energy) နည်းပညာမှာတော့ ကိုဗစ်ကူးစက်သူက App သုံးစွဲသူ ဖြစ်ဖို့လိုပါတယ်။

ဘယ်နည်းပညာပဲဖြစ်ဖြစ် Contact Tracing ကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် က လူအများကြီး သုံးစွဲဖို့ လိုပါတယ်။

Bluetooth LE နည်းပညာသုံး App အလုပ်လုပ်ပုံ

ဘယ် App ကို သုံးသင့်သလဲ

အဓိက App နှစ်ခုဟာ မတူညီတဲ့ နည်းပညာကို သုံးထားတဲ့ အတွက် နှစ်ခုလုံး သုံးစွဲသင့်ပါတယ်။ Contact Tracing ကို သာ ထိထိရောက်ရောက် လုပ်နိုင်ရင် အားလုံး Lockdown လုပ်စရာ မလိုပဲ ပုံမှန်နီးပါး သွားလာလုပ်ကိုင်နိုင်မှာပါ။​ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများကိုလည်း အများကြီးနဲ့ မြန်မြန် အကူအညီ ဖြစ်စေမှာပါ။ မလိုလားအပ်တဲ့ Quarantine များကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။

ကိုယ်က ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေရမှာ စိုးရိမ်သူဆိုရင်တော့ CareTogether App တစ်ခုတည်းသုံးချင်ပါလိမ့်မယ်။

ဒါမှမဟုတ် နိုင်ငံကျန်းမာရေးစောင့်ရှောက်မှု အတွက် မိမိရဲ့ ကိုယ်ရေးကိုယ်တာ သွားလာမှုမှတ်တမ်း အချက်အလက်များကို မျှဝေခြင်းနဲ့ ကူညီချင်တယ်ဆိုရင်တော့ စောစောရှာ ကို သုံးစွဲခြင်းဖြင့် ထည့်ဝင် ကူညီနိုင်ပါတယ်။

ဖြစ်နိုင်ရင်တော့ နှစ်ခုလုံးသာ ထည့်ထားစေချင်ပါတယ်။

--

--