မိသားစုဆိုင်များအတွက် နည်းပညာ B2B Digital Commerce

Nyein Chan Soe Win
Nyein Chan
Published in
2 min readMar 18, 2020

--

မိတ်ဆွေအတော်များများက Get ကို Mobility App ဖြစ်တဲ့ Get Ride အနေနဲ့ ပိုပြီး သိကြတာများပါတယ်။ Get Ride ဟာ Get Digital Commerce Platform ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး B2C လို့ခေါ်တဲ့ သုံးစွဲသူနဲ့ လုပ်ငန်းတို့ တိုက်ရိုက်ထိတွေ့ ဝယ်ယူတဲ့ App ဖြစ်ပါတယ်။ Get ရဲ့ အောင်မြင်ကြီးထွားနေတဲ့ အဓိက လုပ်ငန်းတစ်ခုကတော့ Get Digital Store လို့ ခေါ်ပါတယ်။ Get Digital Store ဆိုတာ B2B လို့ ခေါ်တဲ့ လုပ်ငန်းအချင်းချင်း ကုန်သွယ်မှု လုပ်တဲ့ လုပ်ငန်းပါပဲ။ Get Digital Store ရဲ့ Customer တွေကတော့ သုံးစွဲသူတွေ မဟုတ်ကြပဲ မိသားစုဆိုင်လုပ်ငန်းငယ်တွေဖြစ်ကြပါတယ်။

Get Digital Store ဆိုတာ

အတိုဆုံးပြောရရင်တော့ B2B Digital Commerce လုပ်ငန်းဖြစ်ပါတယ်။ အင်တာနက်ပေါ်ကတဆင့် Mobile App တွေ၊ Web Application တွေ၊​ Cloud နည်းပညာတွေ၊ AI နဲ့ Blockchain နည်းပညာတွေ၊ Data သိပ္ပံနည်းပညာတွေကို အသုံပြုပြီး ကူးသန်းရောင်းဝယ်ခြင်းနဲ့ ဝန်ဆောင်မှုများပေးခြင်းတို့ကို လုပ်တဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ Online to Offline O2O လို့လည်း ခေါ်ကြပါသေးတယ်။ Offline လို့ခေါ်တဲ့ အင်တာနက်ပေါ်မှာ ရှိမနေတဲ့ သမားရိုးကျ လုပ်ငန်းတွေကို Online ပေါ်မှာ ရှိတဲ့ အင်တာနက် အခြေပြု လုပ်ငန်းတွေကို ချိတ်ဆက်ပေးလို့ O2O လို့ ခေါ်တာလည်း ဖြစ်ပါတယ်။

B2B လို့ ဆိုတဲ့အတိုင်း လုပ်ငန်းတွေကို Get ရဲ့ Platform ကနေတဆင့် အောက်ပါလုပ်ငန်းတွေလုပ်ကိုင်နိုင်အောင် ချိတ်ဆက်ထားပါတယ်။

၁။ ဝယ်ယူရောင်းချခြင်း

  • လေယာဥ်လက်မှတ်
  • အဝေးပြေးဘတ်စ်ကား လက်မှတ်
  • ဖုန်းငွေဖြည့်ကတ်များ
  • ဂိမ်းကတ်များ
  • အင်တာနက် package များ

၂။ မှာယူခြင်း

  • အချိုရည်နှင့် အသင့် စားသောက်ကုန်များ
  • လူသုံးကုန်ပစ္စည်းများ
  • တစ်ကိုယ်ရည်သုံး ပစ္စည်းများ
  • အိမ်အသုံးအဆောင် ပစ္စည်းများ

၃။ ပေးချေခြင်း

  • အရစ်ကျ ပေးချေမှုများ
  • အင်တာနက်ဝယ်ယူမှုများအတွက် ပေးချေမှုများ
  • အခငွေ ပေးချေမှုများ

Get လို B2B Digital Commerce တွေ အရှေ့တောင်အာရှတခွင်မှာ စတင်လာခဲ့တာ ၂၀၀၉ ခုနှစ် လောက်ကတည်းကဖြစ်ပြီး အသွင်အမျိုးမျိုး ပြောင်းလဲလာခဲ့ပါတယ်။ အဲဒီထဲမှာ အင်ဒိုနီးရှားနိုင်ငံက Ruma နဲ့ Kudo တို့ဟာ ၂၀၁၇ ခုနှစ်မှာ Go-Jek နဲ့ Grab တို့က ဝယ်ယူလိုက်တဲ့အတွက် B2B Digital Commerce အတွက် မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက B2B E-commerce လို့ ပြောပေမယ့် ကုမ္ပဏီတွေရဲ့ အဓိက လုပ်ငန်းတွေနဲ့ မဟာဗျူဟာတွေက မတူကြပါဘူး။

မတူညီတဲ့ပုံစံတွေ

Ruma ဆိုရင် မဲငွေစုတဲ့ ပုံစံကို အခြေခံပြီး Kudo ကတော့ Assisted E-commerce လို့ခေါ်တဲ့ ဝယ်ယူသူက ဆိုင်ကိုလာပြီး အင်တာနက်ပေါ်မှာ ရွေးချယ်မှာယူတဲ့ပုံစံကို အခြေခံပါတယ်။ ၂၀၁၇ အောက်တိုဘာလမှာမှ စတင်တည်ထောင်ခဲ့တဲ့ Warung Pintar ကတော့ တစ်မျိုးကွဲပါတယ်။ အင်ဒိုနီးရှားဘာသာစကား ဖြစ်တဲ့ Warung Pintar ဟာ Smart Kiosk ဒါမှမဟုတ် Smart Shop လို့ အဓိပ္ပါယ်ရပါတယ်။ Warung Pintar ကတော့ နည်းပညာ ပလက်ဖေါင်းတင်မကပဲ ဆိုင်ကိုပါ ဒီဇိုင်းလုပ်ပြီး လုပ်ငန်းရှင်ငယ်များနဲ့ လက်တွဲ လုပ်ကိုင်တာ ဖြစ်ပါတယ်။

စိန််ခေါ်မှုများ

B2B Digital Commerce လုပ်ငန်းတွေဟာ ဘယ်လိုပုံပဲ ဖြစ်ဖြစ် ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေပါတယ်။ အဲဒီထဲက ပထမဆုံးကတော့ အမြတ်ရနိုင်မှုပဲ ဖြစ်ပါတယ်။ အမြတ်အစွန်းအများစုကို လုပ်ငန်းရှင်တွေကို ခွဲဝေပေးနိုင်မှသာ မိမိရဲ့ မိတ်ဖက်လုပ်ငန်းရှင်များက အသားကျနေတဲ့ သမားရိုးကျ လုပ်ငန်းများနဲ့ ယှဥ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတောင်မှ ဒုတိယ စိန်ခေါ်မှုဖြစ်တဲ့ သမားရိုးကျ လူသုံးကုန် ဖြန့်ချိသူများရဲ့ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ နောက်စိန်ခေါ်မှုတစ်ခုကတော့ လုပ်ငန်းငယ်များကိုယ်တိုင် ကြီးမားတဲ့ Convenient Store Chain တွေ ဒါမှမဟုတ် တခြားစီးပွားရေးအခက်အခဲတွေကြောင့် စတိုးဆိုင်ငယ်များ ရေရှည်ရှင်သန်ဖို့ ခက်ခဲလာတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လုပ်ငန်းငယ်များကို ဒစ်ဂျစ်တယ်နည်းလမ်းများနဲ့ လုပ်ငန်းလုပ်ကိုင်တာကို ယုံကြည်စိတ်ချလာဖို့ စိန်ခေါ်မှုဖြစ်ပါတယ်။ အထူးသဖြင့် အစောဆုံး အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Red Dot လို လုပ်ငန်းပိတ်သိမ်းသွားတာကို လူတွေက အမှတ်ရနေဆဲ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ စည်းမျည်းဥပဒေများ တိတိကျကျ မရှိသေးပဲ သမားရိုးကျ လုပ်ငန်းတွေရဲ့ လိုင်စင်များနဲ့ ဝိရောဓိ ဖြစ်နေတာပါ။

အရေးကြီးဆုံး Inclusive Economy

ဘယ်လိုပုံစံပဲဖြစ်ဖြစ်၊​ ဘယ်လိုစိန်ခေါ်မှုတွေဘယ်လိုပဲ ရှိရှိ B2B Digital Commerce လုပ်ငန်းတွေဟာ ရှင်သန်ဖို့အတွက် ဆက်လက်ရုန်းကန်နေကြရဦးမှာ ဖြစ်ပါတယ်။ ဒီ B2B Digital Commerce လုပ်ငန်းတွေဟာ လုပ်ငန်းငယ်တွေကို Digital Economy မှာ ပါဝင်လာနိုင်အောင် အောင် လုပ်ဆောင်ပေးနေတဲ့ အဓိကအင်အားတွေပဲ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်စီးပွားရေးခေတ်မှာ Inclusive Economy လို့ခေါ်တဲ့ အားလုံးဝင်ပါစီးပွားရှာနိုင်တဲ့ စနစ်အတွက် B2B Digital Commerce ကုမ္ပဏီများနဲ့ လက်တွဲဆောင်ရွက်ဖို့ အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များအားလုံးကို တိုက်တွန်းလိုက်ရပါတယ်။

--

--