မုန့်ဟင်းခါး အတွေး

Nyein Chan Soe Win
Nyein Chan
Published in
1 min readJun 27, 2017

--

Mont-Hin-Gar, Burmese Rice Noodle

အရင်အပါတ်က မှတ်မှတ်ရရ မုန့်ဟင်းခါး နှစ်ခါ စားဖြစ်တယ်။ နှစ်ခါလုံးက မုန့်ဟင်းခါးကို ကျကျနန ပြင်ဆင်ပြီး ဈေး ကောင်းကောင်းနဲ့ ရောင်းတဲ့ အဆင့်မြင့် စားသောက်ဆိုင်တွေမှာပါ။

လမ်းဘေးပျံကျဈေးသည်တွေ၊ ရပ်ကွက်ထဲက ဆိုင်တွေမှာ ယေဘုယျ တစ်ပွဲကို ကျပ် ၅၀၀ လောက် ပေးရတဲ့ အချိန်မှာ မုန့်ဟင်းခါးတစ်ပွဲကို ကျပ် ၅၀၀၀ အထက်မှာ ပေးရတယ်။ ဒါပေမယ့် ပွဲ အနေနဲ့ ပြောမယ်ဆိုရင် ၅၀၀ တန် နှစ်ပွဲစာ မကပါပြီး အကြော်စုံ၊ ဘဲဥ ငါးဖယ် အပြည့်အစုံ ပါတဲ့အပြင် လေအေးစက် တပ်ထားတဲ့ ဆိုင်ထဲမှာ သန့်ရှင်းတဲ့ အသုံးအဆောင်တွေနဲ့ ရောင်းတာဖြစ်တဲ့အတွက် စားသုံးသူအနေနဲ့ မတန်တဆ ပေးရတယ် လို့ တွေးမိမှာ မဟုတ်ပါဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် မုန့်ဟင်းခါး၊ နန်းကြီးသုတ် အစရှိတာတွေကို အဲဒီလို ဆိုင်မျိုးမှာပဲ ကျနော် စိတ်ချလက်ချစားဖြစ်တယ်။ ပျံကျရောင်းတဲ့ အငွေ့ တထောင်းထောင်း ထနေတဲ့ လမ်းဘေး မုန့်ဟင်းခါးအနံ့ ကို ရတိုင်း သွားရည်ကျမိပေမယ့် မစားရဲပါ၊ မစားချင်ခဲ့ပါ။ သန့်ရှင်းမှု၊ စိတ်ချရမှု ဆိုတဲ့ ကျန်းမာရေး အသိတွေက ကျနော့်ကို တားဆီးနေဆဲပါ။

တချိန်တည်းမှာလည်း မြန်မာပြည်မှာမွေးတဲ့ တိုင်းရင်းသားတစ်ယောက်အနေနဲ့ မြန်မာစာ မုန့်ဟင်းခါးကို စားချင်မိမြဲ၊ သတိရမြဲ နှစ်သက်မြဲပါ။
ကျနော်တို့အတွက် ရွေးချယ်စရာလမ်း နှစ်ခုရှိပါတယ်။
လက်ရှိ ပျံကျရောင်းနေတဲ့ သန့်ရှင်းမှု စိတ်ချရမှု တို့ကို အာမ မခံနိုင်တဲ့ မုန့်ဟင်းခါးဆိုင်မှာ အခြေခံလူတန်းစားနဲ့ အတူတူဆိုပြီး ကျန်းမာရေးကို မျက်ကွယ်ပြုလို့ ထိုင်စားကြမလား။

ဒါမှမဟုတ် တစ်ဖက်မှာ မုန့်ဟင်းခါးကို အဆင့်မြင့်စားသောက်ဆိုင် တွေမှာတင်ပြီး အရသာကောင်းကောင်းကို သန့်ရှင်းမှု၊ စိတ်ချရမှုတို့တင်မက လူနေမှုဘဝ တစ်ခု အနေနဲ့ပါ ရောင်းချတဲ့ သူတွေကို အားပေးကြမလား။ ပိုများလာအောင် ဝိုင်းဝန်းဖန်တီးကြမလား။ ဒီကတဆင့် ရပ်ကွက်တွေထဲမှာ မနက်တိုင်း ရောင်းတဲ့ မုန့်ဟင်းခါးဆိုင်တိုင်း၊ ပျံကျရောင်းတဲ့ မုန့်ဟင်းခါးဆိုင်တိုင်းကို သင့်တင့်တဲ့ သန့်ရှင်းမှု၊ စိတ်ချရမှုတွေပေးနိုင်လာအောင် ဆိုင်ကောင်းကောင်းမှာ တင်ရောင်းနေကြတဲ့ လူတွေကို နမူနာယူပြီး ကြိုးစားကြရင် ပို မကောင်းဘူးလား။

ကျနော်ကတော့ လက်ရှိ လမ်းဘေးမှာ ပျံကျရောင်းနေတဲ့ မုန့်ဟင်းခါးကို ထိုင်မစားလိုတဲ့ အတွက် စားသောက်ဆိုင်အဆင့်မှာ တင်ပြီး လေအေးစက်နဲ့ ရောင်းတဲ့ ဆိုင်မှာပဲ စားဖြစ်နေပြီး တချိန်တည်းမှာ အခုလို ဆိုင်မျိုးတွေ အများကြီး ပေါ်လာအောင် ဝိုင်းဝန်း ကြိုးစား အားပေးနေမှာပါ။ ပြီးရင် အဲဒီလို ဆိုင်တွေက သန့်ရှင်းမှု စိတ်ချရမှု အတွက် ဆောင်ရွက်တဲ့ နည်းစနစ်တွေကို ဆိုင်တိုင်းကို ပြန့်ပွားအောင် ဝိုင်းဝန်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေရဲ့ လူနေမှု အဆင့်အတန်းတိုးတက်လာဖို့ဆိုရင် ကောင်းမွန်တဲ့ လူနေမှု အဆင့်အတန်းဆိုတာ ဘာလဲ နမူနာပြသဖို့ အရင်လိုပါတယ်။ တချိန်တည်းမှာလည်း အခြေခံလူတန်းစားတွေ ဝင်ငွေပိုမို တိုးတက်လာအောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖေါ်ဆောင်ပေးဖို့ လိုအပ်ပါသေးတယ်။

ကျနော်တို့ လိုချင်တဲ့ ဖေါ်ဆောင်ချင်တဲ့ စီးပွားရေးသစ် New Economy ဆိုတာ အားလုံး ပါဝင်နိုင်တဲ့ စီးပွားရေးပါပဲ။

--

--