Covid-19 Economic Relief Plan ကို ဖတ်ပြီးတွေးမိခြင်း (Goal 5)

Nyein Chan Soe Win
Nyein Chan
Published in
3 min readApr 29, 2020

--

ရည်မှန်းချက် ၅ ဆန်းသစ်တီထွင်သော ထုတ်ကုန်နှင့် ပလက်ဖေါင်းများကို မြှင့်တင်ခြင်း

Myanmar Economic Relief Plan

Covid-19 Economic Relief Plan ဟာ မြန်မာနိုင်ငံမှာ အရင်ဘယ်အစိုးရလက်ထက်မှာ မရှိခဲ့သလို အခု လက်ရှိအစိုးရလက်ထက်မှာလည်း အချိန်အတိုဆုံးနဲ့ လူထုလက်ထဲကို အရောက်ထည့်နိုင်ခဲ့တဲ့ စီမံချက်တစ်ခုဖြစ်လာပါတယ်။

ငွေရေးကြေးရေးနည်းပညာနဲ့ ဆန်းသစ်တီထွင်မှု တို့မှာ အတွေ့အကြုံအနည်းငယ်ရှိတဲ့သူတစ်ယောက်အနေနဲ့ သက်ဆိုင်တဲ့ ရည်မှန်းချက် အမှတ် ၅ ဆန်းသစ်တီထွင်သော ထုတ်ကုန်နှင့် ပလက်ဖေါင်းများကို မြှင့်တင်ခြင်းအကြောင်းဖတ်ကြည့်ရင်း တွေးမိတာလေးတွေ ပြောချင်ပါတယ်။

၅.၁.၁

မိုဘိုင်းငွေပေးချေမှုများကို သုံးစွဲခြင်းအား မြှင့်တင်ခြင်း

အပုဒ် ၅.၁.၁ ရဲ့ ရည်ရွယ်ချက်က ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို အဓိကထားပြီး ငွေသားအစား ပြောင်းလဲသုံးစွဲ သွားစေလိုတယ် လို့ ယူဆရပါတယ်။ အစိုးရအနေနဲ့ မိုဘိုင်းငွေပေးချေမှုကို သင့်လျော်တဲ့ နေရာတိုင်းမှာ သုံးစွဲမယ်ဆိုတဲ့ အချက်က သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အပိုဒ် (က) မှာ ပါတဲ့ သုံးစွဲမှုကို မြှင့်တင်မယ်ဆိုတဲ့ အချက်ကတော့ ယေဘုယျကျပြီး ဘယ်သူက ဘယ်လို မြှင့်တင်မှာလဲ ဆိုတာ မကွဲပြားပါဘူး။

အပိုဒ် (က) ရဲ့ အောင်မြင်မှုကို တိုင်းတာရာမှာ ရောင်းချသူများက မိုဘိုင်းငွေကြေးဝန်ဆောင်မှု သုံးစွဲသူများကို လျော့စျေးများပေးနိုင်ခြင်းနဲ့ တိုင်းတာမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ရောင်းချသူများအနေနဲ့ မိုဘိုင်းငွေပေးချေမှုများကို လက်ခံရန် တွန့်ဆုတ်ရခြင်း အဓိက အကြောင်းတစ်ခုကတော့ မိုဘိုင်းငွေပေးချေမှုများ အပါအဝင် အခြားအီလက်ထရောနစ်ငွေပေးချေဝန်ဆောင်မှု လုပ်ကိုင်သူများ (ဘဏ်များ အပါအဝင်) ကို ဝန်ဆောင်ခငွေ အကြမ်းဖျဥ်း ၀.၅% မှ ၄% ထိ ပေးနေရလို့ပါ။ ဒါကို လုပ်ငန်းရှင်များက ငွေသားပေးချေမှုနဲ့ နှိုင်းယှဥ်ရင် ကုန်ကျစရိတ် တက်လာတယ်လို့ မြင်ကြတယ်။ ဒါကြောင့် အခြားအီလက်ထရောနစ်ငွေပေးချေဝန်ဆောင်မှု လုပ်ကိုင်သူများ (ဘဏ်များ အပါအဝင်)ရဲ့ ဝန်ဆောင်ခကို လျော့မပေးနိုင်ခဲ့ရင် လုပ်ငန်းရှင်များအနေနဲ့ သုံးစွဲသူများကို လျော့စျေးပေးနိုင်ဖို့ ခက်ခဲနေပါလိမ့်မယ်။

နောက်တစ်မျိုး စဥ်းစားကြည့်ခြင်း အပိုဒ် (က)အောင်မြင်နိုင်ဖို့အတွက် လုပ်ငန်းရှင်များက ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို လိုလိုလားလား လက်ခံ သုံးစွဲဖို့လိုပါတယ်။ အဲဒီလို လက်ခံသုံးစွဲစေဖို့ -
(၁) ဒစ်ဂျစ်တယ်ငွေပေးချေမှုများကတဆင့် လက်ခံရရှိသော ဝင်ငွေများအတွက် အခွန်နှုန်းထားများ လျှော့ချပေးခြင်း
(၂) နောင်မှာ ပေးလာမယ့် အစိုးရရဲ့ အထောက်အပံ့များ သက်သာခွင့်များအတွက် တိုင်းတာရာမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုများနှင့် လက်ခံရရှိသော ဝင်ငွေများကို အခြေခံ၍တိုင်းတာခြင်း
(၃) လုပ်ငန်းဆိုင်ရာ ပေးချေမှုများအတွက် အနည်းဆုံး ပမာဏတစ်ခု သတ်မှတ်ပြီး ယင်းထက်ပိုသော ပေးချေမှုများကို ဘဏ်စနစ်မှ တဆင့်သာ ပေးချေစေခြင်း
(၄)​ ပြည်တွင်းဘဏ်တစ်ခုမှ အခြားဘဏ်တစ်ခုသို အွန်လိုင်းပေါ်ကနေတဆင့် ကုန်ကျစရိတ်မရှိပဲ ငွေလွှဲနိုင်မည့်စနစ် ကို အမြန်အကောင်အထည်ဖေါ်ခြင်း
စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

အပိုဒ် (ခ) မှာ ဖေါ်ပြထားတဲ့ e-commerce နဲ့ social commerce တွေမှာ မိုဘိုင်းပေးချေမှု၊​ အီလက်ထရောနစ် ဘဏ်ငွေလွှဲ (Online Banking နဲ့ Mobile Banking လို့ နားလည်မိပါတယ်)​ နဲ့ ကတ်ပေးချေမှု တို့ကိုသာ သုံးစွဲ စေရမည် လို့ ဖေါ်ပြထားပါတယ်။ ဒါဟာ လက်တွေ့မှ အကောင်အထည် ဖေါ်ရန် အင်မတန်မှ ခက်ခဲပါတယ်။ အကြောင်းရင်းကတော့ လူထုအများရဲ့ လက်ထဲကို မိုဘိုင်းပိုက်ဆံအိတ် မရောက်နိုင်သေးလို့ ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို တိုင်းတာတဲ့ နေရမှာတော့ ၂၀၂၀ နှစ်ကုန်မှာ အနည်းဆုံး အရောင်း ၃၀% က အီလက်ထရောနစ် ပေးချေမှုကို လက်ခံနေရမယ်ဆိုတဲ့ အတွက် ဒါကတော့ အောင်မြင်နိုင်တဲ့ ရည်မှန်းချက် တစ်ခုဖြစ်ပါတယ်။

နောက်တစ်မျိုး စဥ်းစားကြည့်ခြင်း ဒီနေရာမှာ တာဝန်ရှိအဖွဲ့ အစည်းက CBM (ဗဟိုဘဏ်) ဖြစ်သင့်ပြီး တိုင်းတာမှုက တန်ဖိုးအနေနဲ့ ပေးချေမှုအားလုံးရဲ့ အနည်းဆုံး ၃၀% ရှိရမယ်လို တိုင်းတာရင် ပိုတိကျမှာပါ။ အကြောင်းကတော့ စီးပွားကူးသန်းအနေနဲ့ မှန်ကန်တဲ့ အရောင်းစာရင်းကို ရယူရမယ့် တာဝန်နဲ့ တောင်းယူနိုင်တဲ့ အာဏာမရှိပါဘူး (မရှိလည်း မရှိသင့်ပါဘူး)။ အီလက်ထရောနစ်ပေးချေမှုဖြစ်တဲ့ အတွက် ဗဟိုဘဏ်ကတော့ ဘဏ်တွေကတဆင့် တိကျတဲ့ အချက်အလက်များကို ရယူနိုင်တဲ့ အာဏာရှိပါတယ်။
လူထုအများရဲ့ လက်ထဲကို မိုဘိုင်းပိုက်ဆံအိတ်တွေမြန်မြန်ရောက်နိုင်ဖို့ကတော့
(၁) အစိုးရအဆင့်ဆင့်က ကောက်ခံတဲ့ အခ များကို အီလက်ထရောနစ် ပေးချေမှုများက ကောက်ခံခြင်း
(၂)​ အစိုးရရဲ့ အထောက်အပံ့များကို မိုဘိုင်းပိုက်ဆံအိတ်ထဲကို ထည့်သွင်းပေးခြင်း
(၃) မိုဘိုင်းပိုက်ဆံအိတ်အချင်းချင်း လွယ်ကူသက်သာစွာလွှဲပြောင်းနိုင်အောင် အစိုးရမှ တွန်းအားပေးခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

အရေးကြီးဆုံးလိုအပ်ချက်

ဒီ ကဏ္ဍမှာ အရေးကြီးဆုံးလိုအပ်ချက်ကတော့ ဘဏ်အချင်းချင်း၊ မိုဘိုင်းပိုက်ဆံအိတ်အချင်းချင်း လွယ်ကူသက်သာစွာ ချက်ချင်း လွှဲပြောင်းနိုင်မယ့် Interoperable Platform တစ်ခုပဲဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက ဘဏ်နဲ့ ဗဟိုဘဏ်က ဦးဆောင်တဲ့ FAST လိုစနစ်နဲ့ ပုဂ္ဂလိကက ဖန်တီးထားတဲ့ xfers လို စနစ်မျိုးတွေ အလျင်အမြန် အရေးတကြီးလိုအပ်ပါတယ်။

၅.၁.၂

e-commerce နဲ့ social commerce များ သုံးစွဲမှုကို မြှင့်တင်ခြင်း

၅.၁.၂ (က) နဲ့ (ခ) မှာကတော့ e-commerce နဲ့ social commerce များကို အစိုးရမှ တိုက်တွန်းအားပေးမယ်လို့ ဆိုပါတယ်။ လက်ရှိ စျေးကွက်ထဲမှာတော့ လုပ်ငန်းရဲ့ လိုအပ်ချက်များအရ လက်ရှိ ဦးဆောင်နေတဲ့လက်လီလုပ်ငန်းများဟာ အွန်လိုင်းပေါ်ကနေ နည်းမျိုးစုံနဲ့ ရောင်းချနေကြပြီ ဖြစ်ပါတယ်။

နောက်တစ်မျိုး စဥ်းစားကြည့်ခြင်း အစိုးရအနေနဲ့ လက်လီနဲ့ ဖြန့်ချိရေးစျေးကွက်ကို ထောက်ပံ့ပေးနိုင်တာကတော့
(၁) အွန်လိုင်းရောင်းချမှုအတွက်ပြင်ဆင်ထုတ်ပိုးရတဲ့ လုပ်ငန်းများကို ကိုဗစ် ကန့်သတ်ချက်များကို လျော့ချပေးခြင်း
(၂) ဖြန့်ချိရေးအတွက် သယ်ယူပို့ဆောင်ရေးအတွက် အထူးခွင့်ပြုချက် (ဥမာ ရန်ကုန်မြို့တွင်း မော်တော်ဆိုင်ကယ်သုံးစွဲခွင့်) စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

မလုပ်သင့်ပါ လုံးဝ​မလုပ်သင့်ပါ

၅.၁.၂ (ဂ) ကတော့ အစိုးရက ဦးဆောင်ပြီး ဗဟို e-commerce စနစ်ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒါဟာ စီးပွားရေး စနစ်နဲ့ လုံးဝ ဆန့်ကျင်နေသလို အစိုးရမှာ ဒီ နည်းပညာနဲ့ ပါတ်သက်လို စွမ်းဆောင်ရည် နည်းပါးလှပါတယ်။ လက်လီ စျေးကွက် ဦးဆောင်သူများအားလုံးဟာ e-commerce ပေါ်မှာ တနည်းမဟုတ် တနည်းနဲ့ ရှိနေပြီးသား ဖြစ်ပြီး မရှိသေးတဲ့သူများဟာလည်း စျေးကွက်ဖိအားကြောင့် မကြာခင်မှာ မိမိ ရှင်သန်ရေးအတွက် အကောင်အထည် ဖေါ်လာရတော့မှာပါ။ အစိုးရကသာ ဗဟို e-commerce စနစ်ကို တည်ဆောက်မယ်ဆိုရင် ခုချိန်ထိ မအောင်မြင်သေးတဲ့ e-goverment စနစ်လို ဆင်ဖြူတော်သာ ဖြစ်လာမှာ အသေအချာပါ။

နောက်တစ်မျိုး စဥ်းစားကြည့်ခြင်း အစိုးရအနေနဲ့ e-commerce စနစ်ကို ကွပ်ကဲပြီးတိုးတက်စေလိုတယ်ဆိုရင်
(၁) e-commerce ဝက်ဆိုက်ဒ်များ၊ လုပ်ငန်းများကို Accreditation အရည်အချင်းအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်း
(၂) အငြင်းပွားမှုများကို Arbitration ခုံသမာဓိနည်းဖြင့် လက်ခံဖြေရှင်းပေးခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

အကောင်းဆုံး အချက်

၅.၁.၂ (ဃ) ကတော့ ရည်မှန်းချက် ၅ ရဲ့ အကောင်းဆုံး အချက်ဖြစ်ပါတယ်။ ကိုဗစ်တိုက်ဖျက်ရေးအတွက် ဆန်းသစ်တီထွင်နိုင်တဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေထဲကို အထောက်အပံ့ပေးမယ့် အစီအစဥ်ကတော့အင်မတန်မှ အမြော်အမြင်ကြီးပြီး လျော်ကန်သင့်မြတ်တဲ့ အစီအစဥ်ပဲ ဖြစ်ပါတယ်။ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။

ကိုးကား

  1. Overcoming as one: Covid-19 Economic Relief Plan

--

--