YBS အောင်မြင်ဖို့ လိုအပ်ချက် (၂)

Nyein Chan Soe Win
Nyein Chan
Published in
3 min readJul 30, 2017

--

- YBS ကတ်ပြားစနစ်ဟာ အကုန်အကျများပြားရုံတင်မက အကောင်အထည်ဖေါ်ရန်နှေးကွေးတဲ့အတွက် အောင်မြင်နိုင်ဖို့ အခွင့်အရေးနည်းပါး
- QR code ကိုသုံးပြီး မိုဘိုင်းငွေကြေးစနစ်များနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုသက်သာပြီး ပိုမိုမြန်ဆန်မည်။
တစ်နေ့က ဦးဖြိုးမင်းသိန်းရဲ့ Facebook Page မှာ Yangon Payment Services နဲ့ တွေ့ဆုံတယ်ဆိုတာ တွေ့ လိုက်ရပါတယ်။ အသေးစိတ် မရေးထားတဲ့ အတွက် Yangon Payment Services ဆိုတာ YBS အတွက်ပဲလား၊ ဘာတွေ ဘယ်လိုပုံနဲ့ ငွေပေးချေမှု ဝန်ဆောင်မှုတွေ ပေးမလဲဆိုတာ အသေးစိတ် မသိရပါ။ ဒီတော့ လက်ရှိ လုပ်ကိုင်နေတဲ့ Anypay နဲ့ အချို့ လိုင်းတွေမှာ အသုံးပြုနေတဲ့ OK$ တို့ ကို အခြေခံပြီး ပြောချင်ပါတယ်။
စင်ကာပူ ဘန်ကောက် ဆိုတာ ရန်ကုန်မြို့သားတွေ အရောက်အပေါက်များတဲ့ နေရာဖြစ်ပြီး ရောက်ဖူးသူ အာလုံးနီးပါးဟာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်တဲ့ MRT, BRT, ဘတ်စကား အစရှိတာတွေကို စီးနင်းဖူးကြပါတယ်။ အဲဒီလို သုံးတဲ့အခါ EZlink, Rabbit အမည်ရှိတဲ့ ကတ်စနစ်နဲ့ သုံးစွဲဖူးကြမှာပါပဲ။
အဲဒီလို သုံးစွဲတဲ့ကတ်များဟာ Rapid Transit လို့ ခေါ်တဲ့ ရထားကို အခြေခံတဲ့ အမြန်သယ်ယူပို့ဆောင်ရေး စနစ်ကို အခြေခံကြပါတယ်။ ကတ်ကို သုံးစွဲဖို့အတွက် ငွေကြိုတင်ဖြည့်သွင်းထားပြီး သုံးစွဲသလောက်ကို ဖြတ်သွားတဲ့ စနစ်ကို ဒီဂျစ်တယ် ခေတ်မှာ သုံးပါတယ်။ ဒါပေမယ့် ဒီစနစ်ဟာ အသစ်မဟုတ်ပဲ ဆယ်စုနှစ်ပေါင်းများစွား ကတည်းက ရှိခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ လပေး လက်မှတ်လို့ ခေါ်ခဲ့ပြီး တစ်လစာကို ကြိုတင်ပေးပြီး တစ်ခါစီးတိုင်း လက်မှတ်ဖြတ်စရာ မလိုတဲ့ စနစ်ဖြစ်ခဲ့ပါတယ်။ သုံးစွဲသူဖက်က အားသာချက်ကတော့ နေ့တိုင်းလက်မှတ်တန်းစီ ဝယ်စရာမလိုဘူး၊ တစ်ခါချင်းစီပေးရတာထက် သက်သာလေ့ရှိတယ်။ ရောင်းချသူဖက်ကလည်း တစ်လစာ ကို ကြိုတင်ရထားတဲ့ အကျိုးကျေးဇူးရှိပါတယ်။
လပေးစနစ်၊ ဒါမှမဟုတ် ကြိုတင်ငွေဖြည့် လက်မှတ်စနစ်မှာ ကတ်ကို ကနဦးရောင်းချရန်နေရာ၊ ပုံမှန်ငွေဖြည့်သွင်းရန် နေရာ ရှိရန်လိုအပ်ပြီး ရထားစနစ်မှာတော့ ဘူတာများဟာ အင်မတန်သင့်လျော်တဲ့ နေရာတွေဖြစ်ပါတယ်။ နေရာရှိတယ်။ လ ျှပ်စစ်မီးနဲ့ အခုခေတ်မှာတော့ အင်တာနက် ချိတ်ဆက်ရန် လွယ်ကူတယ်။ လုံခြုံတယ်။ ဘူတာရုံ တစ်ခုမှာ စီးနင်းသူ အများကြီး စုစည်းတယ် (critical mass)။ ဒါအတွက် ကြိုတင်ငွေဖြည့် ကတ်ပြားတွေဟာ ရထားစနစ်မှ စတင်ပြီး ဘတ်စကားတွေမှာပါ လက်ခံလာအောင် လုပ်ကြတာ ဖြစ်တယ်။
YBS စနစ်မှာ ကတ်သုံးမယ်ဆိုရင် ပထမဆုံး ရင်ဆိုင်ရမယ့် အခက်အခဲ့က Logistics လို့ ခေါ်တဲ့ ဖြန့်ချိမှု စနစ်ပါပဲ။ ကတ်တွေကို ဘယ်နေရာမှာ ရောင်းမလဲ။ ဘယ်နေရာမှာ ငွေဖြည့်နိုင်မလဲ။ မှတ်တိုင်တိုင်းမှာလား။ မှတ်တိုင် တစ်ချို့ မှာလား။
တကယ်တော့ ကတ်စနစ်က သမရိုးကျဆန်တဲ့ (Legacy) စနစ်တစ်ခုဖြစ်လာနေပါပြီ။ အခု YBS စိးတဲ့လူတိုင်းနီးပါးရဲ့ လက်ထဲမှာမိုဘိုင်းဖုန်းတွေ ရှိနေကြပြီး အဲဒီ မိုဘိုင်းဖုန်းရဲ့ ၈၀ ရာခိုင်နှုန်းက စမတ်ဖုန်းတွေ ဖြစ်နေကြပါပြီ။ တချိန်တည်းမှာပဲ မိုဘိုင်းဖုန်းပေါ်မှာ သုံးနိုင်တဲ့ OK Dollar, Wave Money , Ongo Mobile Money အစရှိတဲ့ မိုဘိုင်းငွေကြေးစနစ်တွေ၊ ဘဏ်တွေက လုပ်ထားတဲ့ AGD Pay, CB Bank Mobile Banking, KBZ Online Banking, MAB Mobile Bank AYA i-Banking အစရှိတာတွေလည်း အများကြီး ပေါ်ထွက်လာနေပါပြီး။
မိုဘိုင်းဖုန်းမှာ အဆိုပါစနစ်များသုံးနိုင်ဖို့ App ကို ဒေါင်းလုပ် လုပ်ရန်သာလိုပြီး ကတ်စနစ်မှာလို ကတ်ပြားကို ဖြန့်ချိဖို့ မလိုတော့ပါဘူး။ ကတ်ပြားထုတ်လုပ် ဖြန့်ချိရတဲ့ ကုန်ကျစရိတ် မရှိတော့ပါဘူး။ အဆိုပါ စနစ်များကို လုပ်ကိုင်ဆောင်ရွက်သူများကလည်း ငွေဖြည့်သွင်းနိုင်မယ့် ကိုယ်စားလှယ်များကို နေရာအနှံ့အပြားမှာ ထားရှိနိုင်အောင် လုပ်နေပြီ ဖြစ်ပါတယ်။ ဘဏ်က စနစ်ဆိုရင်တော့ ပိုတောင်လွယ်ပါသေးတယ်။ မိမိလစာရမယ့် ဘဏ်စာရင်းနဲ့ ချိတ်ဆက်ထားလိုက်ရုံပါပဲ။
ဒီတော့ မိုဘိုင်းပေါ်က ငွေကြေး စနစ် နဲ့ ဘတ်စကားခပေးလို့ ရအောင် ဘယ်လို ချိတ်ဆက်မလဲ။

QR Code Payment ကို အားလုံးလိုက်နာနိုင်မည့် စံတစ်ခုသတ်မှတ်ပြီး လက်ခံသုံးစွဲခြင်း

အဖြေကတော့ QR code စနစ်ပါ။ ဖေါ်ပြပါ ပုံမှာ တွေ့ ရတဲ အတိုင်း QR Code ကို ဘတ်စကားတွေမှာ ကပ်ထားပြီး မိုဘိုင်းပေါ်က ငွေကြေး စနစ်ကို ဖွင့်ပြီး QR Code ကို ဖတ်ကာ ကားခကို ပေးနိုင်မှာ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် အခု တစ်ချို့ ယာဉ်လိုင်းတွေမှာ သုံးနေတဲ OK$ ရဲ့ စနစ်မျိုးပါပဲ။ ကျနော့်ရဲ့ အမြင်မှာတော့ OK$ စနစ်ဟာ အလုပ်ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အစိုးရအနေနဲ့ တော့ တစ်စုတစ်ဖွဲ့ တည်းနဲ့ လက်တွဲမယ့် အစား အားလုံးပါဝင်နိုင်မယ့် စနစ်မျိုးကို သုံးစွဲနိုင်ဖို့လိုပါတယ်။ လုပ်ကိုင်နေတဲ့ မိုဘိုင်း ငွေကြေး စနစ် အားလုံးမဟုတ်ရင်တောင် အများစု ပါဝင်နိုင်အောင် ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလိုဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ။
ပွင့်လင်းမြင်သာတဲ့ အစိုးရနှင့် သက်ဆိုင်သော ငွေပေးချေမှု QR Code စံ ကို ချမှတ်ဖို့ပဲ လိုပါတယ်။ စံသတ်မှတ်ဖို့ ကလည်း ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ Czech Republic က အသုံးပြုနေတဲ့ Short Payment Descripter (SPAYD) [Short Payment Descriptor — Wikipedia](https://en.wikipedia.org/wiki/Short_Payment_Descriptor) စံ၊ Visa က ထုတ်ထားတဲ့ mVisa [How to make payments with Bharat QR-mVisa | Visa](https://www.visa.co.in/…/how-to-make-payments-with-mvisa.ht…) တို့ကို မှီငြမ်းပြီး မြန်မာပြည်ရဲ့ ဘဏ် စနစ်နဲ့ ကိုက်ညီမယ့် စံကို သတ်မှတ်ပြီး မိုဘိုင်း ငွေကြေး စနစ် ကို လိုက်နာစေနိုင်ပါတယ်။

မိုဘိုင်း ငွေကြေး စနစ် ဆောင်ရွက်သူများကရော လိုက်နာပါ့မလား။
လိုက်နာမှာပါ။ မိုဘိုင်း ငွေကြေး စနစ်များလုပ်ငန်းများအတွက် အဓိက သော့ချက်နှစ်ခု ရှိပါတယ်။ ငွေသွင်းငွေထုတ်လုပ်နိုင်မယ့် ကိုယ်စားလှယ်များ သိမ်းသွင်းခြင်းနဲ့ အမြဲပုံမှန်သုံးစွဲနိုင်မယ့် နေရာများကို စည်းရုံးခြင်းတို့ပဲ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ မိုဘိုင်းဖုန်းငွေဖြည့်ခြင်းဟာ မိုဘိုင်း ငွေကြေး စနစ် တိုင်းမှာ အမြဲပုံမှန်သုံးစွဲနေအောင် မရှိမဖြစ်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ဒါတောင် လူတစ်ယောက်ဟာ တစ်နေ့ ကို တစ်ကြိမ်ငွေ မဖြည့်ပါ။ YBS မှာသာ သုံးစွဲမယ်ဆိုရင် တစ်နေ့မှာ အနည်းဆုံး နှစ်ကြိမ်သုံးစွဲမှာ ဖြစ်ပြီး အဲဒီလို သုံးစွဲတာကို လုပ်ငန်းတိုင်းက မက်မက်မောမော လိုချင်ကြတာချည်းပါပဲ။
အနှစ်ချုပ်အနေနဲ့ YBS အတွက် ကတ်ပြားစနစ်ဟာ ကုန်ကျစရိတ်ပိုမိုများပြားပြီး လူအများလက်ထဲ မြန်မြန်ရောက်ရှိနိုင် မှာ မဟုတ်တဲ့ အတွက် QR Code ငွေပေးချေမှု စနစ်လို အကုန်အကျသက်သာ မြန်ဆန်ပြီး အစိုးရရဲ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ Financial Inclusion ကို အကောင်အထည်ဖေါ်နေတဲ့ မိုဘိုင်း ငွေကြေး စနစ်အများစုနဲ့လက်တွဲပြီး ဆောင်ရွက်မှသာ YBS အတွက် အောင်မြင်တဲ့ ဒီဂျစ်တယ် ပေးချေမှု စနစ်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

--

--